မြန်မာနိုင်ငံ ဓလေ့ထုံးတမ်းမြေနှင့် ကျင့်သုံးမှုစနစ်များဆိုင်ရာ အခွင့်အရေး သဘောထားရပ်တည်ချက် (ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရန်များ) အပေါ်

၂ဝ၁၄-ခုနှစ်လောက်မှစ၍ မြေယာအရေးလှုပ်ရှားဆောင်ရွက်လာခဲ့သော ဒေသခံအဖွဲ့အစည်းများ၏ ကွန်ရက် တစ်ခုဖြစ်သည့် ဒို့မြေကွန်ရက်(LIOH) ဝက်ဘ်စာမျက်နှာတွင် စိတ်ဝင်စားဖွယ် ရပ်တည်ချက် စာတမ်း တစ်စောင်ကို တွေ့ရှိရပါသည်။ အဆိုပါစာတမ်းကို သက်ဆိုင်ရာဒေသများတွင် ကိုယ်ပိုင်ပုံစံအသီးသီးဖြင့် မြေယာအရေးလှုပ်ရှားဆောင်ရွက်လျက်ရှိနေသည့် ဒေသခံအဖွဲ့အစည်းများ၊ ကော်မတီအစုအဖွဲ့များနှင့် လုပ်ငန်းအဖွဲ့များက အတူတကွ လေ့လာဆန်းစစ်၍ ပူးပေါင်းရေးသားထားခြင်းဖြစ်သည်။ အဖွဲ့များတွင် ကာလရှည်ကြာစွာ စုစည်းတည်ရှိခဲ့ကြသည့် အစုအဖွဲ့များ၊ လူသိများသည့် အဖွဲ့အစည်းများအပြင် (လုံခြုံရေးအခြေအနေကြောင့်) အမည်မဖော်လိုသည့် အဖွဲ့အစည်းများလည်း ပါဝင်သည်။ စာတမ်းသည် ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များအား အမှန်တကယ်နားလည်သဘောပေါက်ပြီး ‘စစ်မှန်သော အသိ အမှတ်ပြုမှု’ ဖြစ်လာရေးနှင့် ယင်းစနစ်များရှင်သန်နိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖြစ်လာရေးတို့ အတွက် ကြိုးစားအားထုတ်မှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

Indigenous Karen communities work together and measure their village boundaries according to their customary practices; Kloh Mae Kaw village, Hpapun District.

KESAN

Indigenous Karen communities work together and measure their village boundaries according to their customary practices; Kloh Mae Kaw village, Hpapun District.

"ပထမအနေဖြင့် ဌာနေတိုင်းရင်းသားလူမျိုးများ တည်ရှိနေမှု၊ ၎င်းတို့၏ ဓလေ့ထုံးတမ်း မြေအခွင့်အရေးနှင့် မြေယာစီမံကျင့်သုံးမှုစနစ်များအား အပြည့်အဝ အသိအမှတ်ပြု ကာကွယ် မြှင့်တင်ရေး လှုပ်ရှားမှုများကို ရှေ့ဆက်တွန်းအားပေးနိုင်ရန်နှင့် အဆိုပါလှုပ်ရှားမှုများ အားကောင်း စေရန် မျှော်လင့်သည်။ ဒုတိယမှာ မြန်မာနိုင်ငံတွင် စစ်မှန်၍ မျှတမှုရှိသော လူမှု အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းနေကြသူအားလုံးကို ဓလေ့ထုံးတမ်း မြေယာစီမံမှုစနစ်များ၏ အရေးကြီးပုံနှင့် တည်ရှိမှုများအပေါ် နားလည်မှုရှိလာရေး အထောက်အကူ ပြုရန်ဖြစ်သည်။ ထိုမှတဆင့် အဆိုပါစနစ်များပေါ် လေးစားမှု နှင့် အသိအမှတ်ပြုမှုရှိပြီး လူ၊ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေအား ပို၍တန်ဖိုးထားသည့် အထွေထွေမြေယာပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ်ကို ဦးတည်နိုင်ရန်မျှော်လင့်ပါသည်။ တတိယအချက်အနေနှင့် ဓလေ့ထုံးတမ်း မြေယာ ကျင့်သုံးမှုစနစ်များအပေါ် အခြေခံ၍ ပြည်သူလူထုကို ဦးစားပေးသည့် မြေယာစီမံအုပ်ချုပ်မှု၊ လူ့အဖွဲ့အစည်အတွင်းနှင့် လူ့အဖွဲ့အစည်းများအကြား စစ်မှန်သောငြိမ်းချမ်းရေးကို အခြေတည်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အထောက်အကူပြုရန် မျှော်လင့်ပါသည်။"

လက်ရှိအကြပ်အတည်းဆိုက်လျက်ရှိသည့် အခြေအနေများ၌ပင် ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်များသည် အနည်းနှင့် အများဆိုသလို ကျင့်သုံးလည်ပတ်နိုင်နေဆဲဖြစ်သည်ဟု ဤစာတမ်းအတွက် အခြေခံထားသည့် သုတေသနဆန်းစစ်ချက်များက ညွှန်းဆိုလျက်ရှိသည်။ သို့ရာတွင် အဆိုပါစနစ်များနှင့် ၎င်းစနစ်များထံမှ (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ) အကျိုးခံစားနေရသူများ၏ ရှင်သန်ရပ်တည်ရေးသည် ခြိမ်းခြောက် ခံရလျက်ရှိသည်။ ရပ်တည်ချက်စာတမ်းမှ ဓလေ့ထုံးတမ်းမြေစနစ်များ၊ ၎င်းစနစ်များအတွင်း ကျင့်သုံး နေထိုင်ကြသူများ၏ သာယာဝပြောမှုအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အချက်အလက်များကို မီးမောင်း ထိုးပြပေးထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အဓိကအပြောင်းအလဲများက မြေများ၊ အသက်မွေးဝမ်းကျောင်းများနှင့် ဘဝရှင်သန်ရေးပုံစံများအပေါ် ဖိအားများစွာကျရောက်စေခဲ့သည်။ ၂၀၁၁-ခုနှစ် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရာနေရာကြီးတစ်ခုအဖြစ် အသွင်ပြောင်းရန်၊ ထုထည်ကြီးမားလှသည့် ကျေးလက်ဒေသများအား နိုင်ငံတကာ တန်ဖိုးကွင်းဆက်များနှင့် ကုန်စည်ကွန်ရက်ကြီးများအတွင်း သွတ်သွင်းရန်အတွက် အားထုတ်မှု များရှိခဲ့သည်။ အမျိုးသားဥပဒေများနှင့် မူဝါဒများကိုအသုံးပြု၍ နိုင်ငံနှင့် အုပ်ချုပ်မှုစနစ်တစ်ရပ်လုံးအား အဆိုပါဦးတည်ချက်များထံ မောင်းနှင်ခဲ့သည်။ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ‘ဖွံ့ဖြိုးရေး’ အတွက် ထိုသို့သောအသွင်ကူးပြောင်းမှုမျိုးလိုအပ်သည်ဟု အချို့က ယူဆခဲ့ ကြသည်။ နိုင်ငံတကာရပ်ဝန်းတွင် လွှမ်းမိုးလျက်ရှိသည့် ‘ရေရှည်တည်တံ့သောဖွံ့ဖြိုးရေး’ ဆိုင်ရာ အယူအဆတွင်လည်း ဓလေ့ထုံးတမ်းစနစ်များကို ‘စီးပွားရေးအရ တွက်ခြေမကိုက်သည့်’ စနစ်များ၊ ‘သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးစေသည့်’ စနစ်များအဖြစ် ရှုမြင်ကြပြီး အစားထိုးရမည့် စနစ်များ ဖြစ်သည်ဟု ယူဆကြသည်။ ထို့ကြောင့်ပင် နိုင်ငံရေးနှင့်စီးပွားရေးအခွင့်ထူးခံလူများမှ ဓလေ့ထုံးတမ်းစနစ် များကို ခေတ်မမှီတော့သည့် အတိတ်ကာလမှ ကြွတ်ဆတ်ကျိုးပျက်လွယ်သော အမွေဟောင်းတစ်ခု အဖြစ် သာ ထင်မြင်ကြခြင်းဖြစ်သည်။

အဆိုပါ အယူအဆများအပေါ် စာတမ်းကငြင်းဆိုထားသည်မှာ -

"ဓလေ့ထုံးတမ်းမြေစီမံမှုစနစ်သည် အသေစွဲသတ်မှတ်ချက်မျိုးမဟုတ်ပဲ ‘သက်ရှိဥပဒေများ’ ဖြစ်သည်။ ဆိုလိုသည်မှာ စနစ်တစ်ခုလုံးကို မျိုးဆက်အဆင့်အဆင့် လက်ဆင့်ကမ်းကျင့်သုံး နိုင် သောကြောင့် လိုက်လျောညီထွေဖြစ်စေရန် ဆန်းသစ်ပြောင်းလဲနိုင်သည့် အခွင့်အရေးနှင့် ပြောင်းလွယ်ပြင်လွယ်နိုင်မှုရှိခြင်းဖြစ်သည်။ လူမှုအသိုက်အဝန်းတစ်ရပ်အတွင်းမှ ပြောင်းလဲမှုများ (ဥပမာ -ကျေးရွာတွင်းရှိ လူဦးရေတိုးပွားလာခြင်း သို့မဟုတ် ကျဆင်းသွားခြင်းကဲ့သို့သော လူဦးရေ စာရင်း အပြောင်းအလဲများ)၊ (မြစ်ခမ်းခြောက်လာခြင်း သို့မဟုတ် မိုးခေါင်ခြင်းကဲ့သို့သော) သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတုအပြောင်းအလဲများအလိုက် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲနိုင်သည်။"

ဤသို့ဆင့်ကဲပြောင်းလဲလာသည့် ဓလေ့ထုံးတမ်းမြေစနစ်များနှင့် အသက်ရှင်သန်မှုနည်းလမ်းများကို ယနေ့ခေတ်လူများစွာ ပါဝင်ကျင့်သုံးလျက်ရှိနေသည်။ ထို့အပြင် ဓလေ့ထုံးတမ်းမြေစနစ်များအတွင်း မှီခို ရှင်သန် လုပ်ကိုင်စားသောက်လျက်ရှိသူများက တစ်ချိန်တည်းမှာပင် သဘာဝပတ်ဝန်းကျင်နှင့် အတူတကွ နေထိုင်လျက်ရှိပြီး ဂေဟစနစ်၊ ဇီဝအမျိုးစုံလင်ကွဲပြားမှုများကိုလည်း ကာကွယ်ပေးလျက်ရှိနေကြောင်း စာတမ်းကရှင်းပြထားသည်။

"ဓလေ့ထုံးတမ်းမြေစီမံအုပ်ချုပ်မှုစနစ်များသည် မြေ၊ ရေ၊ သစ်တောနှင့် ဆက်စပ်သယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲရေးထိန်းသိမ်းကာကွယ်သည့်အပြင် စားနပ်ရိက္ခာဖူလုံမှု၊ ဂေဟစနစ်ထိန်းသိမ်း ပေးမှုနှင့် ရာသီဥတုပြောင်းလဲမှုများကို ထိန်းညှိပေးခြင်းတို့အတွက်လည်း အထောက်အကူပြု လျက်ရှိသည်။"

ဆယ်စုနှစ်များစွာတိုင်အောင် ဂေဟစနစ်နှင့်လျော်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များ ကျင့်သုံးခဲ့ခြင်းဖြင့်ပင် ၎င်းတို့နယ်နိမိတ်များအတွင်းမှ သယံဇာတများကို အောင်မြင်စွာထိန်းသိမ်းကာကွယ်နိုင်ခဲ့ကြသည်။

ထိုသို့ သယံဇာတများအား ထိန်းသိမ်းကာကွယ်ထားနိုင်သည့်အခြေအနေကပင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ သူများ အတွက် ငွေလုံးငွေရင်းရှာဖွေနိုင်ရန် ဆွဲဆောင်ရာနေရာများလည်းဖြစ်စေခဲ့သည်။ (၂၀၁၂-ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၂၀၁၈-ခုနှစ်တွင် ပြင်ဆင်ခဲ့သည့်) မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကိုအသုံးပြု၍ ၂၀၁၀-ခုနှစ်မှစတင်ကာ ဓလေ့ထုံးတမ်းမြေဧက သန်းပါင်းများစွာကို ရင်းနှီးမြှုပ်နှံသူများထံ ခွဲဝေအပ်နှင်း နိုင်ရန် ပစ်မှတ်ထားခဲ့သည်။ အဆိုပါဥပဒေက အမျိုးသား ‘စီးပွားရေးဖွံ့ဖြိုးမှု’ စီမံကိန်းများနှင့် လုပ်ငန်းများ အတွက် မြေနှင့် ဆက်စပ်သယံဇာတများအား တရားဝင်သိမ်းယူနိုင်ရန် ပြင်ဆင်ထားသည့် အစီအစဉ်ကြီး တစ်ခု၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်ခဲ့သည်။ ၎င်းဥပဒေ ပြင်ဆင်ချက်ထွက်ရှိလာစဉ်က ဒို့မြေကွန်ရက် မှ သုံးသပ်ထောက်ပြခဲ့သလိုပင် ၎င်းဥပဒေသည် ‘မြေသိမ်းမှုများ ကို တရားဝင်ဖြစ်စေပြီး’ ဆယ်စုနှစ်များစွာ အမြစ်တွယ်လျက်ရှိသည့် နေရပ်စွန့်ခွာရွှေ့ပြောင်းရမှု ပုံစံအသစ်တစ်ခုဖြစ်ထွန်းလာစေသည်။ ဤသို့ မြေကို အလိုရှိ၍ လူကိုနှင်ထုတ်ခြင်းဖြင့် ပိုမိုခက်ခဲပြီး မဖြေရှင်းနိုင်သေးသည့် ကာလရှည်ကြာ နိုင်ငံရေးပဋိပက္ခများ ဖြစ်ထွန်းလာပေသည်။

"ဓလေ့ထုံးတမ်းမြေယာစနစ်များကို သမိုင်းအစဉ်အဆက် ကျင့်သုံးခဲ့ကြသော်လည်း စစ်အုပ်ချုပ်ရေး ကာလ အပါအ၀င် အစိုးရ ခေတ်ကာလအဆက်ဆက်၏ ဖိအားများကြောင့် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ရှည်ကြာသည့် ပြည်တွင်းစစ်ကြောင့် ပြည်သူများမှာ မိမိတို့၏ ဓလေ့ထုံးတမ်းအလိုက် ကျင့်သုံးခဲ့ကြသည့် မြေနေရာများကိုထားခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များ၊ ဒုက္ခသည်များအဖြစ် ဆင်းရဲဒုက္ခများစွာ ခံစားရလျက် ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများဖြေရှင်းနိုင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်ရန်မှာ ပြည်သူတို့၏ ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင် လုပ်ကိုင်ခဲ့သည့် ရေမြေများကို ပြန်လည်ပေးအပ်ခြင်း၊ အသိအမှတ်ပြုခြင်းများ လိုအပ်သည်။ ဓလေ့ထုံးတမ်းမြေယာစီမံမှုစနစ်များကို မည်သည့်အနာဂတ်ဖက်ဒရယ်မြေ စနစ်တွင်မဆို အရေးကြီး သည့်အခြေခံအုတ်မြစ်အဖြစ် ထည့်သွင်းသင့်သည်။"

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်တွင် လုပ်သားပြည်သူများအနေနှင့် ဆိုးကျိုးသက်ရောက်မှုများ ခံစားကြရ သော်လည်း အခက်အခဲကာလများအတွင်း လုပ်အားစိုက်ထုတ်သူများနှင့် ၎င်းတို့၏မိသားစုများ၏ ရှင်သန် ရပ်တည်ရေးအတွက် မြေရှိခြင်း၏အရေးပါပုံကို မျက်မြင်ကြုံတွေ့ခဲ့ရပါသည်။ ကိုဗစ်ကပ်ဘေးနှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရများ၏ အသွားအလာကန့်သတ်မှုများကြောင့် နယ်စပ် ဖြတ်ကျော် အစားအစာကုန်သွယ်မှုများကို ရပ်တန့်စေရုံ သာမက လုပ်ခစားအလုပ်အကိုင်များကိုပါ ဖရိုဖရဲဖြစ်စေခဲ့သည်။ အစားအစာကို ကုန်စည်သဖွယ်ပြုမူခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်သောကြောင့် မြန်မာပြည်သူအမြောက်အများက ၎င်းတို့စားသည့် အစားအစာကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ခြင်းမရှိတော့ပဲ စျေးမှဝယ်ယူနိုင်ရေးအပေါ်၌သာ မှီခိုလာကြရသည်။ ရောဂါကပ်ဘေးကြုံရချိန် အတွင်း အလုပ်အကိုင်များဆုံးရှုံးလာရမှုနှင့် အစားအစာကိုဝယ်ယူရန်ခက်ခဲလာမှုများအပြင် စားနပ်ရိက္ခာ ရှားပါးလာခြင်းသည် အကြပ်အတည်းဆိုက်ခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ရောဂါဒဏ်မခံနိုင်ခြင်းများ ပိုမိုဆိုးဝါးလာခြင်းပင်ဖြစ်သည်။ နှိုင်းယှဥ်ကြည့်မည်ဆိုပါက ဓလေ့ထုံးတမ်းနှင့် သဘာဝကျေးလက် စနစ်များဖြင့် ရပ်တည်လျက်ရှိကြသည့် ရပ်ရွာလူထုများမှာမူ မြေရှိနေကြသေးသည်။ မြေရှိနေသည့်အတွက် သန်းပေါင်းများစွာသော ရွေ့ပြောင်းလုပ်သားများ အိမ်ပြန်လာနိုင်ကြသည်၊ ပြန်လည်ခိုနားနိုင်ကြသည် (တဖန်ပြန်လည် အားမွေးနိုင်သည်)၊ စားစရာအတွက် မိမိတို့ကိုယ်တိုင်စိုက်ပျိုးနိုင်ကြသည်။ မိမိတို့၏ မိသားစု၊ ရပ်ရွာလူထုနှင့်အတူနေထိုင်၍ ကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြသည်ဟု အဓိပ္ပါယ်ကောက်ယူ၍ရပါသည်။ ၎င်းသည်ပင် လူမှုရေးအရ ‘လုံခြုဘေးကင်းသည့် အကာအရံ’ တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း လူတိုင်း တွင် မြေမရှိကြပါ။ မြေမရှိသည့်သူများအနေနှင့် ပြင်ပအကူအညီကို မဖြစ်မနေ အားကိုးရသည့်အတွက် ပို၍နက်ရှိုင်းသည့် မရေရာမှုများကို ရင်ဆိုင်ကြရသည်။

၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပေါ်ပေါက်လာခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်မှု ကောင်စီ (State Administration Council – SAC) ၏ ဆိုးဝါးလှသည့် လူထုအပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်မှု ပုံစံမျိုးစုံသည် လူထုအလွှာအသီးသီးအား ကွဲပြားစွာအကျိုးသက်ရောက်မှုရှိခဲ့သည်။ (ကျေးလက်အခြေပြု စနစ်များ၏ အစိတ်အပိုင်းများဖြစ်ကြသော သစ်တောနှင့် ရေအရင်းအမြစ်များအပါအဝင်) ဓလေ့ထုံးတမ်း မြေယာများကို လက်လှမ်းမီမှု၊ ထိန်းသိမ်းစောင့်ရှောက်မှုတို့နှင့်ဆက်နွယ်၍ နေထိုင်အသက်မွေးကြသည့် လုပ်သားပြည်သူများအတွက်မူ အာဏာသိမ်းမှုက တစ်ဦးချင်းအတွက်ဖြစ်စေ၊ အစုအဖွဲ့လိုက်အတွက်ဖြစ်စေ ပြဿနာများနှင့် ဖိအားများစွာ ဆောင်ကြဉ်းလာခဲ့သည်။

လွန်ခဲ့သည့်နှစ်ကာလများမှ ယနေ့အချိန်အထိ ဖော်ပြပါဘဝရှင်သန်ရေးပုံစံများကို ပြန်ကြည့်မည် ဆိုပါက မြေကိုကုန်စည်ပြုခြင်း၊ ကိုဗစ်-၁၉ ကပ်ဘေးနှင့် နိုင်ငံရေးအရ တုံ့ပြန်ဆောင်ရွက်မှုများ၊ ထို့နောက် အာဏာသိမ်းမှုဖြစ်ရပ်များသည် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာအခွင့်ထူးခံလူများအတွက် ကျဉ်းမြောင်းသည့် နိုင်ငံရေးဘောဂဗေဒဆိုင်ရာအစီအစဉ်များကို ရှေ့ဆက်တွန်းအားပေးလုပ်ဆောင်ရန် အကြောင်းရင်းများ ဖြစ်နေသည်။ ထို့အပြင် လုပ်သား ပြည်သူများနှင့် အောက်ခြေလူတန်းစားများအကြား စိတ်ဝမ်းကွဲပြား စေခြင်း၊ လွှဲမှားသောကိုယ်စားပြုမှုများဖြစ်စေခြင်းတို့ဖြင့် ၎င်းတို့လိုလားသည့် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် လူ့ဂုဏ်သိက္ခာတို့အတွက် အတူတကွပေါင်းစည်း၍ အရေးဆိုတိုက်ပွဲဝင်နိုင်ခြင်း မရှိစေရန် လည်း ကာကွယ်ထားသည်။

အတူတကွပေါင်းစည်းကြရေးဆိုသည်မှာ အလွန်ခက်ခဲပြီး ရှုပ်ထွေးလှသည်။ ရိုးရှင်းလွယ်ကူမှုလည်း မရှိပါ။ ထို့အတူ အလျင်စလိုလုပ်၍လည်း မရပါ။ ထည့်သွင်းစဉ်းစားရန်အချက်များ၊ ကျော်လွှားရန်လိုအပ်နေသေး သည့် နားလည်မှု အလွဲများ၊ ပေါင်းကူးဆက်သွယ်ရန်လိုအပ်နေသေးသည့် အကွဲအပြဲများစွာ ရှိနေပါသည်။ ဓလေ့ထုံးတမ်းမြေစနစ်များ အတွက်လည်း ထို့အတူပင်ဖြစ်သည်။ တစ်စုံတစ်ဦး၏ အတွေ့အကြုံ၊ ဆန်းစစ်မှု၊ ရှုမြင်ပုံများကို ဝေမျှခြင်းသည် (ဤစာတမ်းဖြစ်ပေါ်ရေးအတွက်ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့များကဲ့သို့) အတူတကွပေါင်းစည်းနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းစဉ်ကြီး၏ အစိတ်အပိုင်းဖြစ်သည်။ ထိုသို့သော အားထုတ်မှုမျိုးကို အသိအမှတ်ပြုရမည်၊ ကြိုဆိုရမည်၊ ချီးမွမ်းရမည်ဖြစ်သည်။

ထို့နောက်တွင် မည်သို့ဖြစ်မည်နည်း? စုံလင်ကွဲပြားစွာအသက်ရှင်သန်နေထိုင်ကြသူများအကြား နားလည်မှု တည်ဆောက်နိုင်ရေး ပေါင်းကူးပေးရုံသာမက တွန်းအားပေး အရေးဆိုနိုင်ရေးအတွက် ဆက်လက်ဆွေးနွေး နိုင်မည့် လမ်းကြောင်းတစ်ခုဖြစ်လာစေရန် မည်သို့ဆောင်ရွက်နိုင်ပါသနည်း? ဤအားထုတ်မှုကို ဆုံမှတ် တစ်ခုတွင် ဆက်လက်သုံးသပ် ပြန်လှန်ဆွေးနွေးခြင်းက အသုံးဝင်နိုင်ပါသည်။ အကြောင်းရင်း တစ်ခုမှာ လုပ်သားပြည်သူများ အားလုံးက ၎င်းတို့အနေဖြင့် ဓလေ့ထုံးတမ်းစနစ်များနှင့် သက်ဆိုင်လျက်ရှိကြ ကြောင်းကို နားလည်လက်ခံထားခြင်း မရှိသေးပါ။ သို့သော် ၎င်းတို့သည် ဂုဏ်သိက္ခာရှိသည့် ဘဝတစ်ခုကို ထူထောင်နိုင်ရန်နှင့် အသက်ရှင်သန်နိုင်ရန် မြေကို လိုအပ်နေနိုင်ပါသေးသည်။ ထိုသူတို့၏ လိုအပ်ချက်များကို ဤလှုပ်ရှားမှုက မည်သို့ ကူညီပေးနိုင်မည်နည်း? ထို့အပြင် လွန်ခဲ့သည့်နှစ်များအတွင်း ကြုံတွေ့ခဲ့ရသည့် ဖိအားများ၊ အကြပ်အတည်းများနှင့် ၎င်းတို့၏ အကျိုးသက်ရောက်မှုများအရ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတစ်ခုအတွက် နိုင်ငံရေးအစီအစဉ်တွင် (အခြားသောအယူအဆများ နှင့်အတူ) ‘အစားအစာ အုပ်စိုးစီမံမှု’ အယူအဆကို ပိုမိုအလေးပေး ထည့်သွင်းပြောဆိုရဖွယ်ရှိပါသည်။ ဓလေ့ထုံးတမ်းမြေစနစ်များ က အဆိုပါ ရှုမြင်ပုံကို တည်ဆောက်နိုင်ရန်၊ အမှန်တကယ်ဖြစ်မြောက်လာရန် မည်သို့ထောက်ကူ ပံ့ပိုးပေးနိုင်မည်နည်း? ဤမေးခွန်းများသည် ကျယ်ပြန့်သော အစုအဖွဲ့နှင့် အဝန်းအဝိုင်းများအတွင်း စတင်စဉ်းစား ဆွေးနွေးကြရန် ခြေလှမ်းသစ်များဖြစ်နိုင်ပါသည်။

ယနေ့မြန်မာနိုင်ငံတွင်ကြုံနေရသည့် လူမှုနိုင်ငံရေးအရှုပ်အထွေးအတွက် လွယ်လင့်တကူဖြင့် ဖြေရှင်းကုသနိုင် သည့် အဖြေမရှိပါ။ ပြဿနာတစ်ရပ်အတွက် ‘အဖြေ’ တိုင်းကို နားလည်နိုင်ရန်နှင့် ဖြေရှင်းရာတွင် ပြဿနာအသစ်များကို ဆက်လက်ဖြစ်ပေါ်စေလျက်ရှိသည်။ ဤသည်ကပင် လူမှုအသိုက်အဝန်းအတွင်း ကျွန်ုပ်တို့ နေထိုင်ရှင်သန်ရသည့်ပုံစံဖြစ်ပြီး အတူတကွ နေထိုင်လုပ်ကိုင်ရန် အသိပညာနှင့် အတွေ့အကြုံများ တိုးပွားရရှိခြင်းပင်ဖြစ်သည်။ ဓလေ့ထုံးတမ်းမြေစနစ်များအား စစ်မှန်သောအသိအမှတ်ပြုမှုသည် တစ်ချိန် တည်းတွင် ၎င်းစနစ်များအတွင်းမှ ဆက်နွယ်နေသူများအား အသိအမှတ်ပြုခြင်းဖြစ်ပြီး ကျွန်ုပ်တို့အားလုံး သည် ဂုဏ်သိက္ခာနှင့်အညီနေထိုင်နိုင်သည့် တူညီသောအခွင့်အရေးများဖြင့် တူညီစွာပင် မွေးဖွားလာကြသည် ကို အသိအမှတ်ပြုခြင်းလည်းဖြစ်သည်။ အဆုံးသတ်တွင် စာတမ်း၏ရပ်တည်ချက်ကို ဖော်ထုတ်ထားသည်မှာ “ကျယ်ပြောလှသည့် လူမှုအသိုက်အဝန်းတစ်ခုအတွင်း ရပ်တည်မှုပုံစံတစ်ခုဖြင့် အသက်ရှင်လျက်ရှိနေသည့် တိုင်းရင်းသားပြည်သူများမှ ထုတ်ဖော်အရေးဆိုခြင်းလည်းဖြစ်သည်။ လမ်းသစ်ဖောက်လျှောက်လှမ်းရေး အတွက် အခြားသူများနှင့်အတူ ပူးပေါင်းရန် ကျွန်ုပ်တို့လည်း တည်ရှိနေသည်၊ တာဝန်ခံလျက်ရှိသည်၊ အသင့်ရှိနေသည်။"

"မြန်မာ့လူမှုအသိုက်အဝန်းသည် စုံလင်ကွဲပြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြပြီး သက်ဆိုင်ရာနောက်ခံသမိုင်းကြောင်းများ၊ ဌာနေအမွေအနစ်များဖြင့် ဝိသေသပြုလျက်ရှိသည်။ ထို့ပြင် ထပ်တလဲလဲဖြစ်ပေါ်နေသော ပဋိပက္ခသံသရာတစ်လျှောက်တွင် သွေးထွက်သံယို အဖြစ် အပျက်များစွာ၊ အမျက်ဒေါသနှင့် နာကျင်မှုများစွာဖြင့် ဖြတ်သန်းခဲ့ကြရသည်။ သို့ဖြစ်ရာ ဖက်ဒရယ်မူဘောင်တစ်ခုအတွက် ရှေ့ဆက်ကြရာတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လူမှုအသိုက် အဝန်းအနေနှင့် ပူးပေါင်းပါဝင်မှုရှိပြီး ဒီမိုကရေစီအနာဂတ်သစ်ကို စုစည်းပုံဖော်နိုင်မည့် နိုင်ငံရေး စိတ်ဆန္ဒကို စုပေါင်းပျိုးထောင်ရန်လိုအပ်သည်။ လူမျိုးစုအခြေခံ၊ ဂျဲန်ဒါအခြေခံ၊ လူတန်းစားအခြေခံ ခွဲခြားမှုများမှ လွတ်မြောက်မှသာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေနှင့် တစ်ဦးနှင့်တစ်ဦး အကြား၊ လူနှင့် သဘာဝတရားအကြား အမှန်တကယ်ငြိမ်းချမ်းစွာဖြင့် နေထိုင်ရှင်သန် ဖြစ်ထွန်းနိုင် မည်ဖြစ်သည်။"

အဓိကမေးခွန်းမှာ ‘၎င်းစနစ်များအား အသိအမှတ်ပြုခဲ့သည်ရှိသော်’ ဟူသည့် မေးခွန်းမဟုတ်ပါ။ စုံလင်ကွဲပြား တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူတစ်ရပ်လုံး၏ ငြိမ်းချမ်းသောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုအတွက် ခိုင်မာသည့် လူမှုဘဝအခြေတည်ဆောက်မှုများဆီ ချီတက်နိုင်ရန် အစိတ်အပိုင်း တစ်ခုအဖြစ် ၎င်းစနစ်များအား မည်သို့စစ်မှန်စွာ အသိအမှတ်ပြုနိုင်မည်နည်းဟူသည့် မေးခွန်းဖြစ်သည်။ ဤစာတမ်းက ပိုမိုကြီးမားသည့် ဦးတည်လမ်းကြောင်းတစ်ခုဆီ မှန်းမျှော်ကြည့်နိုင်ရန် ပံ့ပိုးမှုပေးထားပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး စိတ်တိမ်းညွတ်သူများအားလုံးအနေနှင့် ဤစိတ်ကူးပုံဖော်မှုများအား မည်သို့သက်ဝင်ယုံကြည်၍ ပါဝင်လှုပ်ရှားမည် ဆိုသည်ကို ကျွန်ုပ်တို့ စောင့်မျှော်လျက်ရှိပါသည်။

ထို့ကြောင့်ပင် TNI အနေနှင့် ဤလှုပ်ရှားမှုကို ကြိုဆိုပါသည်။ လုပ်အားစိုက်ထုတ်သူများ၏လက်မှ မြေများကို ဖယ်ရှားရန်နှင့် တိုင်းရင်းသားပြည်သူလူထုအချင်းချင်း ကွဲပြားဆန့်ကျင်စေပြီး အလွယ်တကူ လွှမ်းမိုး အုပ်ချုပ်နိုင်ရန် ဦးတည်သည့် ခိုင်မာသော လူ့အထက်တန်းလွှာ နိုင်ငံရေးယဉ်ကျေးမှုစီးကြောင်းအား ဆန့်ကျင်၍ လှုပ်ရှားခြင်းဖြစ်ရာ ယခုကဲ့သို့သောကြိုးစားအားထုတ်မှုများသည် ချီးကျူးခံထိုက်သည်ဟုလည်း ယုံကြည်ပါသည်။ ဤကြိုးစားအားထုတ်မှုက ပြည်သူများအကြားကွဲပြားမှုများကို ကျော်လွန်စေပြီး စည်းလုံးမှုကိုဖြစ်စေသည်။ ၎င်းသည် ပို၍ကြီးမားသော နိုင်ငံရေးလုပ်ငန်းတစ်ရပ်၏ အစိတ်အပိုင်း ဖြစ်သကဲ့သို့ ဘုံအကြောင်းတရားတစ်ရပ်လည်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်း၏လာရာလမ်း၊ ၎င်း၏ ရပ်တည်ချက်၊ ဆက်လက်၍ ဦးတည်သွားမည့် ပန်းတိုင်များအတွက် နက်နက်ရှိုင်းရှိုင်း လေးစား အပ်သည်၊ စစ်မှန်စွာ ဂုဏ်ပြုအပ်ပေသည်။

Ideas into movement

Boost TNI's work

50 years. Hundreds of social struggles. Countless ideas turned into movement. 

Support us as we celebrate our 50th anniversary in 2024.

Make a donation